သူလိုရဟန်း


DSC05545 

သူလိုရဟန်း ဟူသည်ကို လွန်ခဲ့သောနှစ်ပေါင်း . ၂၅၀၀.ကျော်ခန့်က အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန် အရှင်မဟာကဿပ အရှင်အာနန္ဒာ စသောမထေရ်ကျော် ရဟန်းတော်များနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူကြကုန်ပြီးသော အရိယာနွယ်ဝင်ထေရ် အရှင်သူမြတ်များ လွန်တော်မူကြကုန်ပြီးသော သမ္မုတိနွယ်ဝင်ထေရ် အရှင်သူမြတ်များတို့အား ရည်ညွန်းမည်မဟုတ်ပါဘဲ ယနေ့မျက်မှောက်ခေတ် သက်ရှိထင်ရှားရှိတော်မူသည့် မလေးရှားနိုင်ငံတွင် သီတင်း သုံးနေထိုင်တော် မူသော သီရီလင်္ကာ နိုင်ငံဖွား ကွာလာလန်ပူမြို့ သီရိလင်္ကာကျောင်းဆရာတော်ကို ရည်ညွန်းမည် ဖြစ်ပါသည်။


ဆရာတော်သည် မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ Sentul အရပ်တွင် သီတင်းသုံးတော်မူ၏၊ သီရိလင်္ကာ  ကျောင်းတိုက်၏ နေရာအကျယ်အ၀န်းနှင့် ကျောင်းပရဝဏ် အဆောက်အဦး တို့ကို  တွေမြင်ရရုံမျှဖြင့်ပင် လုပ်ဆောင်ချက်များကို သိနိုင်ပါလိမ့်မည်။နေ့စဉ်နေ့တိုင်း သာသနာပြုလုပ်ငန်းများ ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသည်မှာ အားလပ်သည် မရှိပါ အချိန်ပြည့် အလုပ်လုပ်နေရသော ဆရာတော် တစ်ပါးဖြစ်ပေသည်။ Sentul အရပ် သီရိလင်္ကာကျောင်းတွင် နေ့စဉ် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရင်း ပရဟိတလုပ်ငန်းအဖြစ် တနင်္ဂနွေနေ့တိုင်း အခမဲ့ဆေးပေးခန်းကို ဖွင့်လှစ်၍ ရောဂါမျိုးစုံကို တတ်ကျွမ်းသော ဆရာဝန် သမားတော်ကြီးများနှင့်  ရောဂါများရှာဖွေခြင်း ကုသခြင်းတို့ကိုဆောင်ရွက်ပေးလျှက်ရှိပေသည်။ ရည်ရွယ်ချက် အမျှော်အမြင်ကြီးမားသော ဆရာတော်သည် ကိုယ်တိုင် ဦးဆောင် ပဓာနနာယက ပြုလျက် မလေးရှားနိုင်ငံမှ အငြိမ်းစား ပါမောက္ခ ဆရာဝန်ကြီးများ အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်ကြီးများ အသိပညာရှင်၊ အတတ်ပညာရှင်ကြီးများစုပေါင်း၍ (မဟာကရုဏာဖေါင်ဒေးရှင်း) ကြီးကို တည်ထောင် တော်မူခဲ့ပေသည်။ မဟာကရုဏာဖေါင်ဒေးရှင်းကြီးမှ လူသားအကျိုးပြု ကျမ္မာရေး ပညာရေး ကိစ္စများကို Mobile Clinic ဟုခေါ်သော တစ်မြို့ဝင် တစ်မြို့ထွက် တစ်နေရာဝင် တစ်နေရာထွက်စနစ်ဖြင့် မလေးရှားနိုင်ငံ အနှံ့လိုအပ်ရင် လိုအပ်သလို ကူညီထောက်ပံ့ပေးခဲ့ပေသည်၊ ယ္ခုလည်း ကူညီထောင့်ပံ့ပေးနေဆဲ နောင်လည်း ကူညီထောင့်ပံ့ပေးနေမည်ဖြစ်ပေသည်။ နှစ်စဉ်နှစ်တိုင်းဆိုသလို ဒီဇင်္ဘာလရောက်တိုင်း မလေးရှားနိုင်ငံတစ်ခွင် မိဘမဲ့ကလေးများကျောင်း ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များ အခြားသော ပရဟိတကျောင်းများအား ကျောင်းအသုံးအဆောင် အဝတ်အထည် ပစ္စည်းနှင့် ဆေးဝါးများကို ကူညီပေးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေပြီ၊ ဆရာတော်၏ လုံ့လဝီရီယ ဆရာတော်၏ လူသားများအပေါ် ထားသည့်စေတနာ၊ ဆရာတော်၏ ပရဟိတလုပ်ငန်းအပေါ် စိတ်ဝင်စားမှု၊ ဆရာတော်၏ အများအတွက် အနစ်နာခံ ဆောင်ရွက်မှုတို့ကို စိတ်ဝင်တစားစောင့်ကြည့်လျှက် ရှိနေကြသော မလေးရှားနိုင်ငံသား လူအများတို့သည် လက်တွေ့ကျကျ တွေ့မြင်လာရသောအခါ အားကျ အတုယူလိုစိတ်ဖြင့် ကိုယ်တိုင် ကိုယ်ကျ ပါဝင်ဆောင်ရွက်လာကြသည်၊ စိတ်ဝင်တစားဖြင့် အကူအညီပေးလိုကြသည်၊ သို့အတွက်ကြောင့်ပင် ဆရာတော်ကို ယုံကြည်အားကိုးမှုရှိလာသော မလေးရှားနိုင်ငံသား တရုတ်ဒါယကာ တစ်ယောက်သည် SUBANG.2. အရပ်တွင် တည်ရှိသော သူပိုင်သုံးထပ်တိုက် အဆောက်အဦးတစ်ခုကို ပရဟိတသမား ဆရာတော်၏ မဟာကရုဏာဖေါင်ဒေးရှင်းကြီးအတွက် လှူဒါန်းလိုက်လေသည်။   ထိုနေရာတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆန်းဒေးစကူး သင်တန်းကျောင်း ဖွင့်လှစ်ကာ ကလေးသူငယ်များအား ဓမ္မစာပေများ ပို့ချသင်ကြားခြင်းနှင့်  Dhamma Talk ပွဲများကို ကျင်းပလျှက်ရှိပေ၏ ၊  အို ယူ ဂျီ အရပ်တွင်လည်း ကြည့်ပါဦး သုံးထပ်တိုက်နှင့် ခြံဝင်းအကျယ်ကြီးကို မလေးရှားနိုင်ငံသား တရုတ်တစ်ယောက်ကပင် ရက်ရက်ရောရော လှုဒါန်းခဲ့ပြန်လေသည်၊ တန်ဘိုးငွေသိန်းပေါင်းများစွာ တန်ပေလိမ့်မည်၊ ထိုနေရာဌာနတွင်လည်း အပတ်စဉ် ဆန်းဒေးစကူးသင်တန်းကျောင်းနှင့်   Dhmama Talk ပွဲများကို ကျင်းပခဲ့ပြန်ပါသည်၊ မလေးရှားနိုင်ငံ သီရိလင်္ကာကျောင်းနှင့် မဟာကရုဏာဖေါင်ဒေးရှင်း အဖွဲ့ပိုင် အဆောက်အဦး နေရာဌာနများကို သာယာရှုမောဖွယ်ကောင်းလေစွ၊ ကြီးကျယ်ခန်းနားလေစွဟု ပုံကြီးချဲ့၍ မပြောလိုပါ ကိုယ်တိုင် ကိုယ်ကျ တွေ့မြင်ရောက်ရှိသူများ လေ့လာမှတ်သား အတုယူဖွယ်ရာကောင်းသည်ကို သိရှိကြပါလိမ့်မည်။ သီရိလင်္ကာ ဆရာတော်သည် မလေးရှားနိုင်ငံတွင် ဗုဒ္ဓသာသနာတော်ထွန်း ကားပြန့်ပွားရေး၊ ဗုဒ္ဓဘာသာကလေးငယ်များ ဘာသားရေးနှင့်ယဉ်ကျေးမှု စိတ်ဓါတ် ထွန်းကားမြင့်မားရေး၊ မိဘမဲ့ ကလေးငယ်များ၊ အခြားသော ဆင်းရဲနွမ်းပါး ကလေးငယ်များအား ဘဝတိုးတက် အဆင်ပြေရေး ကျန်းမာရေးနှင့် ပညာရည်မြင့်မားရေးတို့ကို အစဉ်တစိုက် ကြိုးစား အားထုတ်ခဲ့ရုံသာ မက ကွာလာလန်ပူမြို့ No.4.Jalan Chawan (6/21) 4600,Pataling ရှိ  မြန်မာပိုင် Cariyarrama စရိယာရာမ ဆန်းဒေးစကူးကျောင်းကိုလည်း အကြံအဥာဏ်ပေးခြင်း။ အားပေးကူညီခြင်းအသုံးအဆောင်ပစ္စည်းများ လှုဒါန်းခြင်းတို့ကိုပြုခဲ့ပေသည်၊ Cariyarrama  စရိယာရာမ ဆန်းဒေးစကူးကျောင်း၌  မဟာကရုဏာဖေါင်ဒေးရှင်း၏ အကူအညီဖြင့် မျက်စိကျမ္မာရေး ရောဂါရှာဖွေ ကုသရေးတို့ကို လုပ်ဆောင်ခဲ့သည်မှာလည်း ၄.ကြိမ်မြောက်ပင် ရှိခဲ့လေပြီ ။ ထို့ထက်မက မလေးရှားပြည်တွင်းသာသနာပြု
ပရဟိတ လုပ်ငန်းများတွင်သာ ရပ်တန့်မနေဘဲ ဆရာတော်သည် အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ချိုင်းနား၊ စင်္ကာပူ၊ ထိုင်း နိုင်ငံ နှင့်  အနောက်ဥရောပနှင့် အာရှတစ်ခွင် နိုင်ငံများသို့လည်း အချိန်ရလျှင် ရသလို အနားမနေပါဘဲ လှည့်လည် သာသနာပြုလျှက်ရှိပါပေသည်။လောကတွင် ဘာသာ သာသနာအကျိုးနှင့်  ပရဟိတလုပ်ငန်းများ လုပ်ဆောင်ကြရာတွင်
   
  ၁ ၊ ကိုယ်တိုင် ဇွဲလုံ့လဝီရီယရှိခြင်း ၊ ၂ ၊ သူတစ်ပါးအပေါ်စေတနာထားတတ်ခြင်း၊
သနားတတ်ခြင်း ၊ ၃ ၊ကိုယ်ကျိုးမဖက်ဘဲ စွန့်လွတ်အနစ်နာခံတတ်ခြင်း၊ ၄ ၊ ဦးဆောင်လမ်းညွန်မှုတတ်ခြင်း  

တို့ အဓိက ပဓာနကျပေသည်၊ သို့တိုင်အောင်ပင် မိမိလုပ်ဆောင်ချက်အပေါ် သူတစ်ပါးတို့ဝေဖန်ခံရမည်မှာ ဓမ္မတာပင်ဖြစ်ပေသည်၊ သေးသေးမွှားမွှား အလုပ်ပင် အကဲ့ရဲ့မလွတ်ပါကဆရာတော်ကဲ့သို့ ကြီးမားကျယ်ပြန့်သော တာဝန်နှင့် လုပ်ဆောင်ချက်များအတွက်ကဲ့ရဲ့ ဝေဖန် ပုတ်ချစွတ်စွဲခံရမည်မှာ မတွေးရဲအောင်ပင်ဖြစ်ပါလိမ့်မည်၊ မည်သို့ဆိုစေ သီရိလင်္ကာဆရာတော်၏ လက်ရှိဆောင်ရွက်ချက် ရပ်တည်ချက်တို့ကို ကြည့်ခြင်းအားဖြင့်ရွှေဟဿင်္ာ ဆရာတော်ဘုရားကြီး၏  အဓိဌာန်ကို အမှတ်ရကြပေလိမ့်မည်

အများအကျိုး ရွက်သည်ပိုးက       ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း         မရွဲ့မစောင်း
ကိုယ့်လမ်းကြောင်းကို      စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့

အများအကျိုး ပရဟိတအကျိုး ဆောင်ရွက်ပါက  အကဲ့ရဲ့လွတ်သူမရှိ သို့သော်မိမိသွားရာလမ်းကြောင်းကို မစောင်းစေဘဲ တည့်တည့်မတ်မတ်ဖြင့် စိတ်ကောင်းစေတနာကောင်းထားကာ လျှောက်လှမ်းနေသော်   ယ္ခု သီရိလင်္ကာဆရာတော်၏ ရပ်တည်မှု အောင်မြင်မှုတို့ကိုကြည့်ခြင်းအားဖြင့် သိသာပါလိမ့်မည်၊ဤနေရာတွင် အကျွန်ုပ်တို့ မြန်မာပြည်ဖွား ရဟန်းတော်များကို အသိပေးလိုပါသည် ၊ ဆရာလုပ်နေခြင်းမဟုတ်ပါ အကြံဥာဏ်မျှသာဖြစ်ပါသည်၊လက်ခံသင့်လျှင်လက်ခံ၍လက်မခံသင့်သော်ပယ်ချနိုင်ပါသည်။ သီရိလင်္ကာ ဆရာတော်၏ လုပ်ဆောင်ချက်ကို ရှေ့၌ အကျွန်ုပ် သိသလောက်မျှသာတင်ပြခြင်းဖြစ်ပါသည်၊ ထို့ထက်ကျယ်ဝန်းသောလုပ်ငန်းများကိုဥာဏ်မမှီ၍မတင်ပြနိုင်သေးပါဆိုလိုသည်မှာလုပ်ဆောင်ချက် ကောင်းသကဲ့သို့ English Language တတ်ခြင်းကလည်းအဓိကအချက်ဟု ဆိုချင်ပါသည်၊  လုပ်ဆောင်ချက် ကောင်းစေဦးတော့ နားလည်အောင်ရှင်းပြနိုင်မှုလက်ခံနိုင်မှုတို့မှာ ဘာသာစကား အရေးကြီးသည်ဟု ဆိုချင်ပါသည်။ တချို့ကလည်း လုပ်ဆောင်ချက်သာ အဓိက စေတနာသည်သာ အဓိက ဘာသာစကား အရေးမကြီးဟု
ဆိုချင်ဆိုမည်၊ တချို့ကလည်း ဘာသာစကားသာ အရေးကြီးသည် ကျန်တာအရေးမကြီးဟု ဆိုချင်ဆိုမည်။    မည်သို့ဆိုစေ ဘာသာစကားရော စေတနာနှင့် လုပ်ဆောင်ချက်ရော မပြည့်စုံပါမူ ထိုပုဂ္ဂိုလ်များ ရှေ့မရောက် မအောင်မြင် မတိုးတက်ဘဲ ရှိနေမှာ သေချာပါသည်၊ သီရိလင်္ကာ ဆရာတော်သည် ထိုအချက် အားလုံးနှင့်  ပြည့်စုံသည် ပြည့်စုံသဖြင့်လည်း အောင်မြင်မှု ရနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပေသည်၊ အကျွန်ုပ်တို့ မြန်မာပြည်ဖွား  ရဟန်းတော်ငယ်များ       သူလိုရဟန်းမျိုး  အထွက်တိုးပါစေသတည်း  ဟု   ဆန္ဒပြုရင်း


မောင်ခေတ်မှန်

Leave a Reply