ပေးဆပ်သူနှင့် ယူငင်သူ (၄)

မလေးရှားနိုင်ငံရှိ ဆရာတော်ဦးစရိယ၏ စရိယာရာမ ဆန်းဒေး စကူးကျောင်းသို့ ရောက်ရှိသောအခါတွင်ကား  မိမိ မသိသေးသော သူ၏လုပ်ငန်းစဉ်များကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသောကြောင့်  ၀မ်းမြောက်နုမော် သာဓုမခေါ်ပဲ မနေနိုင်၊မလေးစားပဲ မနေနိုင်ဖြစ်မိခဲ့ရလေ၏။ မိမိနှင့် ဆရာတော်ဦးစရိယ တို့မှာ တစ်ကျောင်းထဲတွင် အတူသတင်းသုံးခဲ့ဖူးသော မိတ်ဆွေများ ဖြစ်ကြသည်ကား မှန်ပေ၏။သို့သော် ယခု အခြေနေတွင်ကား အခြားနားကြီး ခြားနား၍ နေပြီ မဟုတ်လော။
မိမိက မိမိ၏ပညာရေးကို အကြောင်းပြုပြီး ဘာတစ်ခုမှ မယ်မယ်ရရမပေးဆပ်ခဲ့ရဖူးသေးချေ။  တနည်းအားဖြင့် အတောမသတ်နိုင်သေးသော ရယူလိုသူအဖြစ်ပဲ ရှိနေသေးချိန်မှာသူကတော့ အံသြစရာ   ကာင်းလောက်အောင် ပေးဆပ်၍နေသူ ဖြစ်နေချေပြီ တကား။ မိမိ မလေးရှားသို့ရောက်ပြီး မကြာခင်မှာ မလေးရှားသို့ လာရောက် အလုပ် လုပ်နေသော အသက် နှစ်ဆယ် ၀န်းကျင် ကျောက်တန်းမြို့နယ်မှ ကောင်လေး တစ်ယောက်သည် ဆီအုန်းစက်ထဲ၌ သန့်ရှင်းရေး လုပ်နေစဉ် တစ်စုံ တစ်ယောက်မှ စက်ခလုတ်ဖွင့်ပြစ်လိုက်သောကြောင့်  ခြေထောက်တဖက် ဒူးအောက်မှ ပြတ်သွားပြီး ကျန်တဖက်မှာလည်း စတီးချောင်းများ ထည့်ထားရလေ တော့၏။ လူမျိုးခြား၊ ဘာသာကလည်းခြား၊ဆွေမရှိ မျိုးမရှိ သူတပါးတို့ရဲ့ တိုင်းပြည်ကြီးမှာ ရောက်တာက ခုနှစ်လ၊ရှစ်လပဲ ၇ှိနေသေးချိန် မလေးလိုကလည်း နားမလည်၊ အင်္ဂလိပ်ဆို တာကလည်း ဝေလာဝေး ဆို တော့ ကူညီမယ့်သူ ရှိမှသာလျှင် ဆေးကု၊ ဆေးရုံ တက်ဖို့ က အစ အဆင်ပြေလိမ့်မည်။ ဒါတောင်မှ ငွေရှိဖို့ လိုနေပါသေးသည် မယောင် မလည် ဒုက္ခ္ခိတ  ဖြစ်နေသော ကောင်လေးသည် အဆိုးထဲက အကောင်းဟုပင် ဆိုရပါလိမ့်မည် အဘယ့်ကြောင့် ဆိုသော် စရိယာရာမကျောင်း ဆရာတော် ဦးစရိယ၏ သူငယ်ချင်းဖြစ်သော မွှားကျောင်းဆရာတော် ဦးဇဋိလ နှင့် တွေ့ ရှိ၊ ချိတ်ဆက်မိသွားသောကြောင့်ပင်ဖြစ်ပါသည်။ ထို ဦးဇဋိလ မှ တဆင့် ဆရာတော် ဦးစရိယထံ ရောက်ရှိလာသောအခါ တွင်ကား ထို ကောင်လေး၏ ဆေးကုသစရိတ်များ နှင့် မြန်မာ နိုင်ငံပြန်နိုင်ရန် အလို့ငှါ သံရုံးကိစ္စများမှ အစ ဆရာတော် ဦးစရိယ ဦးဆောင် နှိုးဆော်ပြီး ကူညီ၊ ထောက်ပံ့ ပေးမှု့ ကြောင့် မိမိတို့ မြန်မာနိုင်ငံသား တစ်ဦး ချောချော မောမော နှင့် ဆေးရုံတက် ကုသနိုင်ခဲ့ပြီး မြန်မာပြည်မှာ ရှိနေသော ဆွေမျိုး မိဘများရဲ့ ရင်ခွင်ကို ကောင်းမွန် ချောမွေ့စွာ ပြန်ရောက်ခဲ့ရလေ၏။ ဤသည်မှာ မိမိရောက်နေခိုက်တွင် ဆရာတော် ဦးစရိယ ကူညီကယ်တင်သော ဖြစ်ရပ် အမှန်ပင်တည်း။ ထိုသို့ဆရာတော် ဦးစရိယ၏ ကူညီ ဆောင်ရွက်နေသမျှသော လုပ်ရပ်များအနက် မရမ်းချောင်းရှိ အနာကြီးရောဂါ  ၀ဒနာသည်များအား အခါအားလျော်စွာ ထောက်ပံ့၊ ကူညီပေးနေသည်မှာ ကြည်နူး၊ ၀မ်းမြောက်စရာ အကောင်းဆုံးဟု ဆိုရပါလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် အနာကြီးရောဂါသည်တို့မှာ အပြစ်ပယ်ခံဘ၀၊ မျက်နှာငယ် အနှိမ်ခံဘ၀ဖြင့် ရှင်သန်နေထိုင်ကြရသည် မဟုတ်ပါလော။ နောက်ဆုံး မိမိတို့၏ မိသားစုဝင်များကပင်လျင် အနာကြီးရောဂါခံစားနေရသော သူများအား ပြစ်ပယ်ချင်လာကြလေ၏၊ ထိုအခါတွင် အနာကြီးရောဂါသည်များ၏ ခိုလှုံရာဖြစ်သော မရမ်းချောင်းရှိ အနာကြီးရောဂါဂေဟာလေး      သို့ရောက်ရှိလာကြရလေ၏။ ထိုဂေဟာလေးသို့ ရောက်ရှိလာ၍ နေစရာအတွက်  ကျောတစ်နေရာစာ စိတ်အေးရသော်ငြားလည်း၊ အစားအသောက်နှင့် ဆေးဝါးအတွက်မှာ အလှူရှင်များ အပေါ်တွင် မှီခိုနေရသောကြောင့် ပြတ်တလှည့်၊ ငတ်တလှည့်ဟုပင် ဆိုရပါလိမ့်မည်၊ စီမံခန့်ခွဲနေရသူများ အဘို့မှာလည်း ရရှိထားသော အလှူငွေနှင့် တွက်ချက်၍စီမံရသောကြောင့် လက်ကျန်ငွေ နည်းနေလျှင် စားဖြစ်ရုံသာ စီမံပေးနိုင်သော အခါများလည်းရှိကောင်း ရှိနိုင်ပါသည်။ ထို့ကြောင့် စီမံပေးနေသူများရော အနာကြီးရောဂါသည်များကပါအလှူရှင်ကို မျှော်လင့်နေကြရပေသည် မြန်မာဗုဒ္ဓဘာသာ အများစုသည် အလှူ၊အတန်းမှာ ပြောစရာ မလိုအောင် လှူကြ၊ တန်းကြပါပေ၏၊ သို့သော် အဘယ်နေရာ၌ လိုအပ်၍ အဘယ်လိုနေရာများတွင် လှူသင့်သည် ကိုကား ဝေဘန်ပိုင်းခြားနိုင်စွမ်း အလွန်အားနည်းသည်ဟု ဆိုချင်ပါတော့သည်။ မိမိထင်သကဲ့သို့ မဟုတ်လျှင် ထင်ပေါ်ကျော်ကြားမည်ဟု အထင်ရှိနေသော နေရာများ၌ သာလှူချင်နေ၍လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မိမိတို့ရဲ့ အလှူသည် အကျိုးရှိသော အလှူဟုတ်၊မဟုတ်ထက် နာမည်ကြီး၊မကြီး ကြည့်နေကြသော သူများက အများစုဖြစ်နေသည်မှာ အင်မတန်မှ ၀မ်းနည်းစရာကောင်း လှပေသည်။ ထိုအထီးကျန်ဖြစ်၍ နေသော အနာကြီးရောဂါသည်များအား ဆရာတော်ဦးစရိယသည် ထောက်ပံ့ပေးနေရုံမျှပင် မကသေး ကျိုက်ထီးရိုး ဘုရားဖူး ခရီးစဉ်ကိုပါ လိုက်ပါပို့ဆောင် ခဲ့လေ၏၊ ဆရာတော်၏ ပြန်လည်မိန့်ကြားချက် အရ ထိုဘုရားဖူး ခရီးစဉ်တွင် အနာကြီးရောဂါသည်များမှာ  ၀မ်းသာလွန်းသဖြင့် မျက်ရည်များပင် ကြခဲ့ကြသည်ဟု ဆို၏။ အော်သူတို့များအတွက်ကား မမျှော်လင့်ရဲဝံ့ခဲ့သော ဆုလာဒ်ကြီးပင် မဟုတ်ပါလော။ ထိုအနာကြီးရောဂါသည်များထဲမှစိတ်ဝင်စားစရာကောင်းလှသောဒကာတစ်ယောက်၏  လျှောက်ထားချက်  လေးမှာ ၀မ်းနည်းစရာလိုလို၊ ၀မ်းသာစရာလိုလို၊ ကြေကွဲစရာလိုလိုနှင့် ဝေခွဲ၍ မရနိုင်သော ဝေဒနာတစ်ခုကို ခံစားခဲ့ရသည်မှာကတော့ အမှန်ပင်ဖြစ်လေ၏။ သူနှင့် သူမိသားစုဝင်များ အားလုံးသည် ကံဆိုးစွာဖြင့် အနာကြီးရောဂါဝေဒနာများကို ကံတူ အကျိုးပေး ခံစားနေကြရသောကြောင့် မရမ်းချောင်းရှိ အနာကြီးရောဂါ ဂေဟာလေးသို့ ရောက်ရှိလာကြချိန်။ ပြုစုမယ့်သူ မရှိ၊ ထောက်ပံ့ ကူညီမယ့်သူ နတ္ထိ ဖြစ်နေချိန်တွင် ခရစ်ယာန် သာသာနာပြု အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာကာ   ပြုစု၊  စာင့်ရှောက်၊  ထောက်ပံ့    ပေးခဲ့ကြလေ၏၊  သို့သော် ရေရှည် အထောက် အပံ့ကို ရရှိလိုသော သူများ အနေဖြင့် ခရစ်ယာန်             ဘာသာထဲသို့  ၀င်ရောက်ရမည်ဟု ဆိုသောအခါတွင်ကား အပေါ်ယံ ဘာသာရေး ယုံကြည်မှု့ရှိသူများ အဘို့ကား အလွယ်တကူပင် ခရစ်ယာန် ဘာသာသို့ ပြောင်းသွားမည် ဆိုသည်မှာ ရှင်းပြနေစရာ မလိုလှပေ။ အော် သူတို့ခမျာမှာလည်း အနာကြီးရောဂါ ဝေဒနာ ခံစားနေရတဲ့ကြားထဲ အငတ်ငတ်၊ အပြတ်ပြတ်ဖြင့် ဘ၀ကို ရုန်းကန်နေရတုန်းမှာ ကူညီဖော်၊ အားပေးဖော်ရသော ဘာသာသို့  ပြောင်းရမည်ဆိုလျှင်လည်း ပြောင်းဘို့ရာပင် ရှိတော့သည်လေ။ အများစုမှာ ခရစ်ယာန် ဘာသာသို့ပြောင်းကုန်ကြလေပြီ၊ ထိုဒကာ၏ မိသားစုဝင်များသည်ပင်လျှင် ဘာသာပြောင်း၍ အကူအညီကိုလက်ခံရန် စဉ်းစားနေကြလေပြီ၊ ထိုဒကာကြီးကိုလည်း ဘာသာပြောင်းရန် မိသားစုဝင်များက စည်းရုံး နားချ လာခဲ့ချေပြီ။ ထိုဒကာကြီးအတွက် ရွေးချယ်ဘို့ရန်မှာ      ငတ်၍ အသေခံပြီး မိမိယူမြဲ ဗုဒ္ဓဘာသာကို ဖက်တွယ်နေမည်လော? သို့မဟုတ် အကူညီ၊ အထောက်အပံ့ပေးမည့် ခရစ်ယာန် ဘာသာသို့ ကူးပြောင်းမည်လော? ထိုဒကာကြီး၏ ဆုံးဖြတ်မှု့သည်ကား ရဲရင့်ပြတ်သားလှပေသည်တကား။ ဘုရားရှင် လက်ထက်အခါက သုပ္ပဗုဒ္ဓကုဌနူနာသည်ကို အမှတ်ရစေခဲ့လေ၏။ ရွှေ၊ငွေ၊ ရတနာ ၊ကျောက်သံပတ္တမြားတွေ ဘယ်လောက်ပင် ပုံအော၍ ပေးနေစေကာမူ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးကို အစစ် မဟုတ်ပါ၊ အတုတွေ သာဖြစ်ပါတယ်ဟု မည်သို့သော အကြောင်းကြောင့်မှ မပြောနိုင်ပါဟု သိကြားမင်းကို တုန့်ပြန်ခဲ့ သကဲ့သို့ ထိုဒကာကြီးသည်လည်း မိသားစုဝင်များကို သူတို့သဘော အတိုင်းဆုံးဖြတ်ပိုင်ခွင့် ပေးခဲ့ပြီး သူကိုယ်တိုင်မှာ ငတ်၍ သေချင် သေပစေတော့ ဗုဒ္ဓဘာသာကိုတော့ မစွန့်နိုင်ပါကြောင်း ပြန်ကြားခဲ့သောဟူ၏။ သူ၏မိသားစုများကိုကား သူကိုယ်တိုင်က အိမ်ထောင်ဦးစီး ဖြစ်နေပါလျက် ဘာတာဝန်မှ မယူနိုင်ခဲ့သည့်အတွက် စိတ်မကောင်းစွာဖြင့် ဆုံးဖြတ်ခွင့်ပေးလိုက်ရခြင်းပါ။ ခရစ်ယာန်ဖြစ်သွားသော သူ့မိသားစုများကို အပြစ်လည်းမတင်ရက်ခဲ့ပါလေ။ ခရစ်ယာန် သာသာနာပြု အဖွဲ့ကိုလည်း အပြစ်တင်စရာမလိုပါပေ၊ သူတို့လုပ်ခွင့်ရတဲ့ အချိန်မှာ သူတို့လုပ်နိုင်တာကို လုပ်သွားကြခြင်းပင်၊ ထိုအချိန်မျိုးတွင် ဗုဒ္ဓဘာသာ သာသနာပြု အမည်ခံနေသူများက ဘာတွေလုပ်နေကြပါသနည်း? ကိုယ့်ဘာသာကိုယ် ပြန်ဖြေကြရန်ဖြစ်ပါသည်။ ဆရာတော်ဦးစရိယ မှာ ထိုသို့ ကူညီဘို့ရန် လိုအပ်နေသော နေရာကို ကိုယ်တိုင်သွားရောက်ပြီး အားပေးထောက်ပံ့နေသောကြောင့် မလေးစားဘဲ၊အားမကျဘဲ မနေနိုင်သော ပေးဆပ်မှု့များ အဖြစ်မိမိက ညွန်းဆိုနေရခြင်းပါ။ ယခုနှစ် ၂၀၁၁ တွင်လည်း မရမ်းချောင်းရှိ အနာကြီးရောဂါ ဂေဟာလေးသို့ သွားရောက်ပြီး ဦးဆောင်ကာ အနာကြီးရောဂါသည်များ ကိုယ်တိုင် ကထိန်ခင်းကုသိုလ် ရယူနိုင်စေရန် သွားရောက်စီစဉ်ပေးဦးမည်ဟု မိမိ မလေးရှားမှာ ရောက်ရှိခဲ့စဉ်က ကြားသိခဲ့ရ၍ အော်ပေးဆပ်နေမှု့များက ရယူနေသူ အဖြစ်ပဲ ပျော်မွေ့နေသေးသော မိမိအတွက် အတုယူ၊ အားကျစရာ အဖြစ်လောက်မျှနဲ့ပဲ ဖော့၍ မနေသင့်မှန်းတော့ သိနေပါပြီ ဟုသာ။

ဘ၀တု သဗ္ဗမင်္ဂလံ !
ဆက်ရန်ရှိသေး၏

Leave a Reply