ပေးဆပ်သူနှင့် ယူငင်သူ (၃)

ဘ၀မှာ မပေးဆပ်ခဲ့ဘဲ ရယူနေခြင်းဖြင့်သာ အချောင်ခိုနေခဲ့မိ၍လားတော့မသိ အဆင်မပြေမှုတွေက ဖိတ်စာ မပါဘဲ ဒလဟော ၀င်ရောက်လာနေပါတော့သည်။ အိန္ဒိယမှာ ပညာသင်နေသည်မှာ သုံးနှစ်ပြည့်ဘို့သုံးလ အလိုတွင်၊ မလေးရှားမှာနေသော ညီဝမ်းကွဲဖြစ်သော ဘိုခိုင်ထံမှ ဖုန်းဝင်လာလေသည်။ မယ်တော်ကြီး အသည်းအသန်ဖြစ်နေသည် ဆိုသောသတင်း ရလျှင်ရခြင်းပင် မြန်မာပြည်သို့ ပြန်ဖြစ်ခဲ့လေသည်။ တော်သေး သည်မှာ စာမေးပွဲ ဖြေဆိုပြီး အောင်စရင်းထွက်ချိန်ကို စောင့်နေသော အချိန်ဖြစ်၍ပင်။
စာမေးပွဲဖြေဆို တုန်းဖြစ်နေပါက နောက်တစ်ခေါက်ပြန် လာနိုင်ဘို့ရာလဲ လွယ်ကူမည်မဟုတ်ပေ။ ဒီလိုနဲ့မယ်တော်ကြီးကို စွမ်းနိုင်သမျှ ဆေးခန်းပို့၊ အကောင်းဆုံးဟု နာမည်ကျော်နေသော ဆရာဝန်များနှင့် ကုသပါသော်လည်း အသည်းကင်ဆာ နောက်ဆုံးအဆင့်ဖြစ်နေ၍ ဆရာဝန်များပြောသည့် အတိုင်းသုံးလနှင့်ပင် ဆုံးသွားခဲ့လေ၏။


မယ်တော်ကြီးမဆုံးခင်နှစ်လကျော်မျှ တွေ့ဆုံ ပြုစု နိုင်ခဲ့၍ ဖြေသာစရာ အဖြစ် အကောင်း ဘက်ကို တွေးယူဖြစ်ခဲ့ပါသည်။ မယ်တော်ပျံပွဲအား ရပ်ရွာမှ ဆွေတော်၊ မျိုးတော် များနှင့် ကျေးရွာသူ ကျေးရွာသားများက ကြီးကျယ်ခမ်းနားစွာ ကျင်းပလိုကြသော်လည်း မိမိအထင်က အပူတွေ အားလုံးသို့ပြန့်နှံ့ကာ ငိုယိုပွဲကြီး အဖြစ်ရှုမြင်နေသောကြောင့် အကျဉ်းရုံးကာ နေချင်းပြီးပင် မီးသင်္ဂြိုလ်ဘို့ စီမံခိုင်းခဲ့လေ၏။ ရက်လည် ဆွမ်းကျွေး၊ တရားနာ ပြီးတာနှင့် ရန်ကုန်သို့ပြန်လာဖြစ်ခဲ့လေသည်။ ဤတွင် မိမိနှင့် မလေးရှားနိုင်ငံ၊ ကွာလာလန်ပူမြို့ No.4.Jalan Chawan (6/21) 4600 Pataling Jaya ရှိ  Cariyarrama စရိယာရာမ ဆန်းဒေးစကူးကျောင်း ဆရာတော် ဦးစရိယနှင့် ရန်ကုန်တွင် တဖန်ပြန်၍   တွေ့ဆုံဖြစ်ကြဘို့ရာ အကြောင်းဖန်လာခြင်းဖြစ်ဟန်တူသည်။ ထိုဆရာတော်နှင့် မတွေ့ဖြစ်ကြသည်မှာ ၂၀၀၆- ခုနှစ်လောက်က ပင်ဟုထင်မိသည်။သူက သီရိလင်္ကာသို့ ပညာသင် ထွက်သွားပြီး၊မိမိမှာ အိန္ဒိယ နိုင်ငံသို့ ပညာသင်ထွက်ခဲ့သောကြောင့် နောက်ထပ်တစ်ပါးနှင့် တစ်ပါး ထပ်မတွေ့ဖြစ်ကြခြင်း ဖြစ်ပါသည်။
သူနှင့်တဖန်ထပ်တွေ့ရသည်မှာ မိမိအတွက် ထီပေါက်သထက်ပင် ၀မ်းသာစရာကောင်းနေပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာတော်ဦးစရိယမှ မိမိကို မလေးရှားနိုင်ငံရှိ သူနေထိုင်သောကျောင်းတိုက်သို့ လာရောက်နေထိုင်မည်ဆိုပါက စပွန်ဆာပို့ပေးမည်ဖြစ်ပြီး၊ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ဖိတ်ခေါ်ခဲ့၍ပင်ဖြစ်ပါသည်။ မိမိမှာထိုအချိန်က နေထိုင်သောစာသင်တိုက် တွင် အိန္ဒိယ သို့ ပညာသင် မသွားမီ စာချဆရာတော်အဖြစ် နေထိုင်ခဲ့ပါသော်လည်း၊ အိန္ဒိယ မှ ပြန်ရောက်ခါစအချိန်တွင် မိမိတို့ဆရာတော်က ၀မ်းမြောက်၊၀မ်းသာ လက်ခံနေသေးပါသော်လည်း၊နောက်ပိုင်းတွင် ဘေးပယောဂ များကြောင့်၊တနည်းအားဖြင့် မနာလို၊မရှုစိမ့်ဖြစ်နေကြသောသူများ၏ ထိုးနှက်တိုက်ခိုက်မှု့များကြောင့် မိမိတို့ သက်တော်ရှည် ဆရာတော်ကြီးမှာ မိမိကို တစတစအထင်မှားသော လေသံများမြွက်ကြားနေ သည်ဟု  မိမိပြန်၍ကြားရသောအခါတွင် အင်မတန်မှ စိတ်မကောင်းဖြစ်ခဲ့ရပြီး ထိုစာသင်တိုက်၌ ဆက်လက် မနေထိုင်တော့ရန် ဆုံးဖြတ်ပြစ်ခဲ့မိလေတော့၏၊ သို့သော် တချိန်တည်း တွင်ပင် နေစရာကျောင်းတိုက် အတွက် ပူပင်နေရသော ၊ဗျာများနေရသော အချိန်ဖြစ်နေသော ကြောင့်ပင်၊ ၀ါဆိုခါနီး  ဖြစ်နေ သောကြောင့် နေထိုင်ဘို့ရာ ကျောင်းတိုက်ကလည်း အမြန်ဆုံး ရှာဖွေမှ ဖြစ်တော့မည့် အချိန် အခါ ဖြစ်နေ၍ နိုင်ငံခြား ပညာသင်ပြန်ကြီး ဟုမိမိကိုယ်ကိုကိုယ်မိမိ အထင်ကြီးရောက်နေ ခဲ့သော မိမိမှာ လက်တွေ့တွင် နေစရာ လက်မဲ့ ဘ၀သို့ရောက်ရှိ နေချိန်မျိုး၌၊ မလေးရှားနိုင်ငံသို့ ဖိတ်ခေါ်ခံရသည်မှာ အဘယ်မျှလောက် ၀မ်းသာစရာကောင်းလိုက်မည်ကို စာရှုသူများ တွေးကြည့်ရုံဖြင့်သိနိုင်ပါလိမ့်မည်။ ဆရာတော်ဦးစရိယမှ မိမိ၏ နေစရာ လက်မဲ့ဖြစ်နေမှု့ကို ကြားသိသွား၍ ဖိတ်ခေါ်ခြင်းဖြစ်ပုံ ရပါသည်။ တချိန်ကတော့ အတူနေ မိတ်ဆွေ၊သီတင်းသုံးဖော်တွေပေါ့၊ယခု ပေးဆပ်သူနှင့် ယူငင်သူ တို့တဖန်ပြန်တွေ့ ဆုံကြခြင်းပင်၊တနည်းအားဖြင့် ပေဆပ်လိုသူ ဦးစရိယ နှင့် ရယူလိုသူ မိမိတို့ ပြန်တွေ့ချိန်ကား သူလည်းပေးဆပ် ခွင့်ရ၍ ၀မ်းမြောက်၊၀မ်းသာဖြစ်နေပါလိမ့်မည်၊ရယူခွင့် ကိုဝမ်းမြောက်ပျော်ရွှင်စွာ လက်ခံရရှိခဲ့သော မိမိမှာကားဆိုဖွယ်ရာ မရှိတော့ပေ။မလေးရှားလေဆိပ်သို့ ရောက်သောအခါ ဆရာတော်ဦးစရိယ၏ အစီအမံနှင့် ကျောင်းဆွမ်းဒကာလည်းဖြစ်သော၊ ကိုဝင်းနိုင်(ရွှေသုန္ဒရီ စားသောက်ဆိုင်ပိုင်ရှင်)မှအသင့် လာရောက်စောင့်ကြိုနေသောကြောင့် ချမ်းချမ်းသာသာပင် မလေးရှားနိုင်ငံရှိ ဆရာတော်ဦးစရိယ ကျောင်းဖြစ်သော၊စရိယာရာမကျောင်းသို့ ရောက်ရှိခဲ့ရလေသည်။
ထိုအချိန်တွင်မှ အော် "ဆရာတော်ဦးစရိယ ဆိုသည်မှာ တချိန်တုန်းကလို သူလို ငါလို ရဟန်းတစ်ပါးမှ မဟုတ်တော့တာဘဲ၊ မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးနဲ့ လာရောက်နေထိုင်နေကြသော တိုင်းရင်းသားပေါင်းစုံ မြန်မာနိုင်ငံသား တို့ရဲ့ လောက၊သံသရာ နှစ်ဖြာသောကောင်းကျိုးအတွက် သူတတ်စွမ်းသမျှ ပေးဆပ်နေသော ရဟန်းတော် တစ်ပါး ပါပေတကား"၊ထို့အပြင် လူမျိုးခြား၊ဘာသာခြား၊နိုင်ငံခြားတိုင်း တပါးတွင် မြန်မာနိုင်ငံရဲ့ အနာဂတ်ခေါင်း ဆောင်များ ဖြစ်လာကြမည့် နိုင်ငံသားကောင်း ရတနာလေးများအား၊ ဆန်းဒေးစကူး ကျောင်းဖွင့်လှစ်၍ နည်းပေးလမ်းပြ၊ သွန်သင်ဆုံးမနေခြင်း တို့အပြင် အခါအားလျော်စွာ ယဉ်းကျေးလိမ္မာ သင်တန်းများ၊ တရားပွဲများကျင်းပ ပေးလျက် ကိုယ်စွမ်း၊ဥာဏ်စွမ်း၊ဓနစွမ်း အစရှိသော အားလုံးသော အစွမ်းအစ များဖြင့် သာသနာအတွက်၊ ဘာသာအတွက် ၊မိမိလူမျိုးအတွက်ပေးဆပ်နေသော ရဟန်းတစ်ပါးပါပေတကား၊ဟု အသိအမှတ် မပြုဘဲ မည်ကဲ့သို့နေနိုင်ပါအံ့နည်း။



သုခီ ဟောထ!
ဆက်ရန်ရှိသေး၏

One thought on “ပေးဆပ်သူနှင့် ယူငင်သူ (၃)”

Leave a Reply