ပေးဆပ်သူနှင့် ယူငင်သူ (၂)

ကိုယ့်ပြည်သူ၊ပြည်သားတွေကို အထောက်အကူပြုနေတဲ့ လုပ်ရပ်တွေကို မိမိတို့အနေနဲ့ မကူညီနိုင်ရင်တောင်မှ၊  တနည်းအားဖြင့် ၀မ်းမြောက်နုမော် သာဓုမခေါ်နိုင်ရင်တောင်မှ မနှောင့်ယှက်သင့်ပါဘူးလေ၊ သူတို့က ငါတို့မလုပ်နိုင်တဲ့ ကုသိုလ်ကောင်းမှု့တွေ၊ပရဟိတ လုပ်ငန်းတွေ လုပ်နေတာပါလား  ဟု နှလုံးမသွင်းနိုင်ဘဲ၊နှောင့်နှေးအောင်၊မြန်မြန်ဆန်ဆန် မလည်ပတ်နိုင်အောင် လုပ်နေခြင်းသည်ပင် နှောင့်ယှက်ဖျက်ဆီးနေခြင်းပင်မဟုတ်ပါလော။နိုင်ငံတော်က မလုပ်ပေးနိုင်လို့ သူတို့ခမျာ    လခလဲမရ၊ တပြားတချပ်မှလဲ ကိုယ်ကျိုးအတွက် သုံးစွဲခြင်းမရှိပါပဲလျက် နိုင်ငံတော်၏ လိုအပ်ချက်တွေကို ဖြည့် စွက်လုပ်ကိုင်၊ကူညီပေးနေတာပါလားဟု နှလုံးသွင်းလိုက်မည်ဆိုပါက အချောင် ကုသိုလ် ရရှိနိုင်မည့် အခွင့်အရေးကို လက်လွတ်ခံပြီး၊အကုသိုလ်တွေကို ပျော်ပျော်ပါးပါးနဲ့ တလှေကြီး သိုလှောင်ထားနေကြသည်မှာ သူတို့ကို သူတို့ဂုဏ်ယူစရာဟု ထင်မြင်နေကြပုံ ရပေသည်။

  မေးခွန်းတွက  မေးဖို့ရာ လိုအပ်လာပြန်ချေပြီ၊မိမိပြည်သူ၊ပြည်သားများ ကောင်းမွန် အဆင်ပြေနေသည်ကို မမြင်ချင်၍ပင်လော?  ဦးကျော်သူက ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်လာလျှင် အသာရသွားမှာကိုကြောက်နေ၍လော?ထိုသို့နှောက်ယှက်ဖျက်ဆီးလိုက်သဖြင့် ဘယ်သူတွေ အကျိုးရှိပြီး၊ဘယ်သူတွေက နစ်နာသွားမည်ထင်နေကြ၍နည်း? စာရှုသူများရော ဘယ်လို ထင်မြင် ယူဆမိပါသနည်း?  အများပြည်သူ ကောင်းကျိုး လုပ်ဆောင်ပေးနေတာပါလားဟု မသိ၍ကား လုံးဝ မဖြစ်နိုင်ဟု ယူဆမိပါသည်။ သို့သော်အဖြေပေးဘို့ရာ၌ကား အာပတ်လွတ်အောင် ဥာဏ်မမီဟုပင် ပြောချင်ပါတော့သည်။ ဦးကျော်သူတို့ ဇနီးမောင်နှံကား ပြည်သူတွေကို အကူအညီပေးဘို့ရာ၌ မည်သို့သော အခက်အခဲများရှိနေပါစေ၊ေ နာက်မဆုတ်တန်း ခရီးဆက်နေသည် မဟုတ်ပါလော? ကိုယ်တိုင်က သူတို့ ဇနီးမောင်နှံလို  ပေးဆပ်နေကြသူများ မဟုတ်ဘဲ။ အခြေနေအရ ယူငင်နေသူပင်ဖြစ်လင့်ကစား မုဒိတာတွေပွါးနေသောကြောင့် ငွေမကုန်ဘဲ ပတ္တာနုမောဒန ကုသိုလ်စိတ်တွေ ဖြစ်နေမိသည်ဆိုတာကတော့ အခိုင်အမာပြောရဲပါသည်။ဒါပေမယ့် တလောက သတင်းတစ်ပုဒ်ကို ဖတ်မိတဲ့အခါမတော့ ၀မ်းနည်းမိတာလား၊ မကျေ မနပ် ဖြစ်မိတာလား၊   မြန်မာနိုင်ငံသားဖြစ်မိတာကိုပဲ ရှက်ရွံ`့နေမိတာလား၊ စိတ်ထဲမှာ မတင်မကျ ဖြစ်နေမိတာတော့ အမှန်ပင်။ သတင်းက မွတ်ဆလင်အများစု နေထိုင်တဲ့ ပါကစ္စတန် နိုင်ငံကပါ" လာဟိုးပြည်နယ်က ရူဘီနာကုရာရှီ အမည်ရှိ အမျိုးသ္မီးတစ်ဦးသည် ဆင်းရဲသားကလေး(၁၈၀၀) အတွက် စာသင်ကျောင်းတစ်ကျောင်းကို ဖွင့်လှစ် ပေးထောက်ပံ့ပေးခဲ့လေ၏၊ ထိုသို့ စာသင်ကျောင်း တစ်ကျောင်း ဖွင့်လှစ်ပေးခဲ့သော အမျိုးသ္မီးကို စာရှုသူများအနေနဲ့ အင်မတန်ချမ်းသာသော အမျိုးသ္မီးဟု ထင်နေဖွယ်ရှိသည်၊ သို့သော် ထိုအမျိုးသ္မီးသည် သူများတွေ စွန့်ပစ်ထားသော အမှိုက်ပုံထဲမှ ရောင်းလို့ရမယ်ထင်တာ မှန်သမျှ အကုန်လိုက်ကောက်ပြီး ရောင်းချ၍ ရသောငွေများနှင့် တည်ထောင် ဖွင့်လှစ်ခြင်းဖြစ်ပါသတဲ့။ အဲဒီလို မိမိဘ၀တစ်ခုလုံးကို ဆင်းရဲသား ကျောမွဲများ အတွက် ပေးဆပ်နေတဲ့ သူရဲ့သတင်းကို ဖတ်မိလျှင် ဖတ်မိချင်း နိုင်ငံပင်ခြားနေစေကာမူ၊ ဘာသာပင်  ခြားနေစေကာမူ ကျောချမ်းနေအောင်ပင် ကြည်ညို  လေးစားနေမိ ပါတော့၏။   စာရှုသူများရော မည်သို`့ ခံစား နားလည်မိပါသနည်း? ထိုအမျိုးသ္မီး၏ လုပ်ရပ်များကို ပါကစ္စတန် အစိုးရ အရာရှိများက နှောင့်ယှက်ဖျက်ဆီးပစ်ပါသလား?သို့မဟုတ်ဖမ်းဆီး အရေးယူပစ်ပါသလား? မိမိတို့၏ ပြည်သူများ ကောင်းကျိုးကို ဆောင်ရွက်နေသော အမျိုးသ္မီး၏ လုပ်ငန်းဖြစ်သော အမှိုက်ကောက်ခြင်း လုပ်ငန်းလိုင်စင်ကို သိမ်းဆည်းပစ်လိုက်ပါသလား? စာရှုသူရော မည်သို့ထင်ပါသနည်း? စာရေးသူ၏ ဆန္ဒအမှန်ကို ပြောရမည်ဆိုလျှင် ဖြစ်နိုင်မည်ဆိုပါက အစိုးရချင်း လဲလို့ရလျှင် လဲပစ်လိုက်ချင်မိ ပါတော့သည်။ ထို ကျောမွဲများ၏ ကယ်တင်ရှင်၊ နိုင်ငံနှင့် လူထုအတွက် ပေးဆပ်နေသူ ထိုအမျိုးသ္မီးအား ထောင်မချတဲ့အပြင်၊ မနှောင့်ယှက် မဖျက်ဆီးတဲ့အပြင်၊ သူမ၏ အမှိုက်ကောက် လုပ်ငန်းလိုင်စင်အား မသိမ်းဆည်းကြတဲ့အပြင်၊ စာရေးသူတို့အစိုးရ အလွန်အတုယူသင့်သော ပါကစ္စတန်အစိုးရမှ ထိုအမျိုးသ္မီးကို  ရူပီးငွေ တစ်သန်းတိတိ ဂုဏ်ပြုချီးမြှင့်လိုက်တယ်ဆိုပဲ" ထိုသတင်းကို ဖတ်မိတော့ ထိုပေးဆပ်သော အမျိုးသ္မီး အတွက် ထပ်တူ ထပ်မျှ ဂုဏ်ယူ ၀မ်းမြောက်မိသလို၊တဘက်ကလဲ မိမိနိုင်ငံအတွင်းက ပေးဆပ်နေကြသူများကိုလဲ မိမိတို့အစိုးရက  ပါကစ္စတန်အစိုးရရဲ့ ၀န်ကြီးချုပ်က ထိုကျောမွဲပြည်သူတွေအတွက် မားမားမတ်မတ်ရပ်ကာ ပေးဆပ်နေသူ ထိုအမျိုးသ္မီးကို ချီးမြှင့်ထောက်ခံခဲ့သလိုမျိုး ဘယ်အချိန်များကြမှ ဖြစ်လာလေမလဲဆိုတာကို တွေးရင်း တွေးရင်း ပါးပြင်ပေါ်မှာ မျက်ရည်စက်တွေက ယီလေးခို ဒန်းစီးနေကြလေရဲ့။ ၀မ်းသာသောကြောင့်လား?  ၀မ်းနည်းသောကြောင့်လား? ဂုဏ်ပြုခံရသော အမျိုးသ္မီးအတွက်ကျတဲ့ မျက်ရည်လား?  ပြောင်းလဲပါတော့မယ် ပြောပြောနေတဲ့ကိုယ့်နိုင်ငံရဲ့ မပြောင်းလဲနိုင်သေးသော အပြောင်းလဲများကြောင့်လား?စာရှုသူရော မည်သို့ ထင်မြင်မိပါသနည်း?။.......။
 သုခီ ဟောထ!
(ဆက်ရန်ရှိသေး၏)

Leave a Reply